ထားဝယ် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသားတိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း အားအမြန်ပြီးစီးအောင်မြင်ရေးအတွက် စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်။ ပန်းခင်းစီမံချက်နှင့်ပတ်သက်ပြီး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ယနေ့အထိ အိမ်ထောင်စု(၃၂၄)စု၊ ကျား(၆၅၃)ဦး၊ မ(၇၂၃)ဦး၊ စုစုပေါင်း(၁၃၇၆) ဦးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်တယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုတော့ အသက်(၁၀)နှစ်ပြည့် (၂၂၂)ဦးနဲ့ အသက်(၁၈)နှစ်ပြည့် (၁၂၈) ဦး၊လဲလှယ်(၁၅၉)ဦး၊ မိတ္တူ(၂၂၃)ဦးကို ကျွန်တော်တို့ရုံးအနေနဲ့ ထုတ်ပေးထားပြီးဖြစ်တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မိမိဌာန တိုင်းဒေသကြီး/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်များဖြင့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့်ညှိနှိုင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သည့် ပုံစံစာရင်းဇယားများကို ပန်းခင်းစီမံချက်ဖြင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးသွားဖြစ်တယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်က ပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက် ဆိုင်းဘုတ်များကို ထားဝယ်မြို့၊ အာဇာနည်လမ်း၊ ရှမ္မလည်ဆွဲရပ်ကွက်၊ ဓာတ်ဆီဆိုင်လမ်းဆုံနှင့် ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ (၁၃)လမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့တွင် စိုက်ထူထားရှိကြောင်း သိရသည်။ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်း များကို ၂၀၂၁ ခနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)