မိတ္ထီလာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပထမကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေး

မိတ္ထီလာ စက်တင်ဘာ ၁၅

 မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သည့်အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများအား ယနေ့မှစ၍ စက်တင်ဘာလ ၁၇ ရက်နေ့အထိ အဆိုပါကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

မိတ္ထီလာမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်ဆန်း၊ ဝန်ဇင်း၊ ကျီတော်ကုန်း၊ ချည်စက်၊ အောင်ဇေ ယျာ၊ ပေါက်ချောင်း၊ အရှေ့ပြင်ဈေး၊ သီရိမင်္ဂလာ၊ ပြည်သာယာ(တ)၊ ပြည်သာယာ(မ) ၊ရန်မျိုးအောင်၊ ရတနာမာရ်အောင်၊ မြို့မ၊ ဝန်ဇင်း ရပ်ကွက်များမှ  အသက် ၆၅ နှစ်နှင့်အထက် ရှိသူများနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထအကြိမ် ထိုးနှံပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် ပထမအကြိမ်ထိုးနှံပေးပြီးသူများကို ဒုတိယ အကြိမ်ထိုးနှံပေးခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 မိတ္ထီလာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များကို ဦးစီးပေးအစီအစဉ်အလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊စက်ရုံအလုပ်ရုံဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ဦးစားပေးအစီအစဉ်အရ မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့်အထက် ရှိသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနိုင်ရန် တာဝန်ရှိသူ များက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ