ဘားအံ စက်တင်ဘာ ၁၅
ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ် လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ၊ ဇွဲကပင်ခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တရမဟာဂန္တဝါစကပဏ္ဍိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြည ညိုကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပင့်သံဃာဆရာတော်ကြီး ၅ ပါးအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများဖြစ်ပွားနေသည့် ဝါတွင်း ကာလ ဝါဆိုဝါကပ် တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သီလရှင်များ ဆွမ်းကွမ်းခက်ခဲပင်ပန်းမှုမရှိစေရေး အတွက် ဇူလိုင်လအတွင်းက ဘားအံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၆ ကျောင်း၊ သီလရှင်ကျောင်း ၇ ကျောင်း စုစုပေါင်း ၆၃ ကျောင်းသို့ တစ်တင်းခွဲဆန်အိတ် ၁၂၄၀ အိတ်၊ ဆီ ၁၀ ပိဿပုံး ၂၆၃ ပုံးတို့အား ကျောင်းတိုက်များသို့ သွားရောက်ဆက်ကပ်၍ ပထမအကြိမ် လှူဒါန်းခဲ့ပြီး ယနေ့တွင် မြို့နယ် ၇ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၃၇၇ ကျောင်းတို့တွင် သီတင်းသုံးနေတော်မူသော ရဟန်း ၃၃၉၃ ပါး၊ သာမဏေ ၃၆၈၆ ပါး နှင့် သီလရှင် ၁၂၃၃ ပါး စုစုပေါင်း ၈၄၉၄ ပါးတို့အတွက် ဆွမ်းဆန်တော် ၁၆၉၉ အိတ်၊ ဆီ ၈၅၀၀ ပိဿာ၊ ပဲ ၈၅၀၀ ပိဿာ၊ ဆား ၄၂၅၀ ပိဿာကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဘားအံမြို့နယ်ရှိကျောင်းတိုက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်မြို့နယ်များမှ ကျောင်းတိုက်များကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက သွားရောက်ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်သည်။
အလားတူ ပြည်နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သာမဏေ၊သီလရှင် စုစုပေါင်း ၂၄၉၉ ပါးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့သည့်အပြင် ကပ္ပိယလူပုဂ္ဂိုလ်များ၊ အာစိဏ္ဍကံယောဂီများ၊ ပရဟိတဘုန်းတော်ကြီး ကျောင်း များမှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ ကျောင်းသူများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဥတ္တရ မဟာဂန္တဝါစကပဏ္ဍိတ ထံမှ အနုမောဒနာ တရားနာ ယူကြည် ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း