ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက တိုင်းဒေသကြီးအတွင်းရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်း ကျဆင်းလာပြီဖြစ်သော်လည်း တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးထိုး လုပ်ငန်းများကို စနစ်တကျဖွဲ့စည်းဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း​၊ လူမှုဖူလုံရေး အာမခံအကျုံးဝင်သည့်စက်ရုံ၊ အလုပ်ရုံများမှ ဆေးထိုးရန်ကျန်ရှိသူ အလုပ်သမားများ၊ ကာကွယ်ဆေးထိုးနှံမည့်ဦးတည် အုပ်စုသတ်မှတ်ချက်အတိုင်း စနစ်တကျစာရင်ကောက်ယူ၍ ဆေးထိုးပေးရန်၊ ဆေးထိုးရာ တွင်လည်း ယခင်ကာကွယ်ဆေး ခွဲတမ်းလက်ကျန်များကို ပြီးပြတ်အောင် ထိုးနှံပေးရန်နှင့် ထပ်မံရရှိမည့် ခွဲတမ်းများကို ဆက်လက်ထိုးနှံပေးနိုင်ရေး အဆင်သင့် ပြင်ဆင်ထားရန်၊ စာရင်းသွင်းရာတွင် မှတ်ပုံတင်မရှိသောသူများကို ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးရန်၊ ကိုဗစ်-၁၉ ကုသရေးစင်တာ - တာဝန်ရှိသူများ အနေဖြင့် စင်တာနှင့်ဆက်စပ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရန်ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ ကတပ်မတော်အနေဖြင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် တစ်ဖွဲ့လျှင်လူဦးရေ (၂၀၀) ဦး ထိုးနှံ ပေးနိုင်သည့် အင်အားဖြင့်စုဖွဲ့ထားပြီး တစ်မြို့နယ်လျှင် (၅)ဖွဲ့ဖြင့် တစ်ရက်လျှင် လူဦးရေ (၄၀,၀၀၀)ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့သောလည်း မြေပြင်တွင် ဆေးအထိုးခံမည်သူများ နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ပထမအသုတ်ပြီးပြတ်အောင် ထိုးနှံပေးနိုင်ရေးပြည် သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် အသံချဲ့စက်များဖြင့် နှိုးဆော်ပေးရန်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင် ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကုသရေးစင်တာ - တာဝန်ခံများ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်ကိုဗစ် -၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဥက္ကဋ္ဌများ၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းတို့မှ တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်  ဝန်ကြီးချုပ် ဦးလှစိုးမှ တိုင်းဒေသကြီးကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)