ပန်းဘဲတန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ပန်းဘဲတန်း စက်တင်ဘာ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပန်းဘဲတန်းမြို့နယ် ဦးစီးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းစီမံချက်အား ‘လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့’ ဆောင်ပုဒ်နှင့်အညီ လက်ရှိ ဒေသ၌အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ/ကိုင်ဆောင်လက်မှတ်မရှိ သူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်ရှိရာ သက်ဆိုင်ရာရပ်ကွက်များအလိုက် အသိပေး ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်းများဖြန့်ဝေ၍ သတ်မှတ်ရပ်ကွက်များအလိုက် စီမံချက်ချဆောင်ရွက် ပေးနေလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းဘဲတန်းမြို့နယ် ဦးစီးမှူးဦးဇော်မင်း ထံမှသိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)