ရှမ်းရွာသစ် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန်၊ မိမိတို့ အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့သွားရောက် လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုးကူးစက်သည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ပေးကြရန် စသည့် အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)