ညောင်ရွှေမြို့၌ ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခြင်းနှင့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဝေငှ

ညောင်ရွှေ   စက်တင်ဘာ   ၁၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီ းဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်က ပန်းခင်းစီမံချက် လုပ်ငန်းစဉ်(၄)ရပ်ကို ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လက်ရှိဒေသတွင်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ပုံစံ(က)နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ အတွက် ပုံစံ(ခ) များကို ဖြန့်ဝေပေးအပ်ခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အများပြည်သူ သိရှိနိုင်စေရန်အတွက် မြို့မမင်္ဂလာဈေးနှင့် ဝန်းကျင်တွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ