ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့် ရှု

ဘားအံ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှု ခဲ့ကြသည်။

         

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဘားမဲတောင်အား သဘာဝ ဥယျာဉ် အဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ ပြည်နယ်သစ်တော ဦးစီးဌာနညွှန်ကြားရေးမှူးဦးပြည့်စုံမျိုးနှင့်တာဝန်ရှိသူများက ဘားမဲတောင်အား အများပြည်သူ အနားယူအပန်းဖြေနိုင်ရန် နေရာတစ်ခုအဖြစ် အဆင့်မြင့်တင်ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဘားမဲတောင်ရှိ သဘာဝအလျောက် ပေါက်ရောက် နေသည့် အပင်အမျိုးအစား (၆၆)မျိုး၊ အရေအတွက် ၁၂၄၆ ပင်အား ထိန်းသိမ်း၍ ပန်းအလှပင်များ စိုက်ပျိုးပေးရန်၊ နားနေဆောင်၊ View Point ၊ တောင်ပတ်လူသွားကွန် ကရစ်လျှောက် လမ်းများ၊ အများသုံးသန့်စင်ခန်းများနှင့် အုတ်ရေမြောင်းများအား စနစ်တကျဆောင်ရွက်ပေးရန်၊ ကရင်ရိုးရာ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်၊ ဒေသထွက်ကုန်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးရန် လမ်းညွှန် မှာကြားခဲ့သည်။

         

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး တိုးချဲ့ကွက်သစ်တွင် အားကစား နှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၁၇၄ ဒသမ ၄၀၀ သိန်းဖြင့် ပြည်နယ် ဖူဆယ် အားကစားကွင်း(၁၆၀' x ၁၃၀' x ၃၀' Steel Structure ) တည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးမှုအား သွားရောက် ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများက တည် ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်း အဝင်/ အထွက် လမ်း၊ ရေမြောင်းနှင့်ကားပါကင်တို့ကို စနစ်တကျဆောင်ရွက်ပေးရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီး နိုင်ရေး ကြိုးပမ်း ဆောင်ရွက် ကြရန်လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ် ဘားအံခရိုင်မီး သတ်စခန်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော တရုတ်နိုင်ငံထုတ် HOWO Fire Truck အမျိုးအစား မီးငြိမ်းသတ်ယာဉ်အသစ် ၄ စီး ထပ်မံ ရောက်ရှိနေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးပြီး အမွှေးနံ့သာ ရည်များပက်ဖြန်းပေးကာ သရုပ်ပြမီးငြိမ်း သတ်မှု အား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါမီးငြိမ်းသတ်ယာဉ်များအား ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် ခရိုင်များသို့ တစ်ခရိုင်လျှင် တစ်စီးစီ ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် လှာကမြင်ကွက်သစ်ရှိ ကရင်ပြည်နယ် အစိုးရ အောက်စီဂျင်စက်ရုံ လည်ပတ်နေမှုနှင့်  ပြည်နယ်အတွင်းရှိ ဆေးရုံများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ မှတစ်ဆင့် ဒေသခံတိုင်းရင်းသားပြည်သူများထံ တစ်ရက် လျှင် ၄၀ လီတာဆံ့ ဆလင်ဒါအိုး အလုံး ၁၀၀ ကျော်ကို  နေ့စဉ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး  ပိတ်ရက်မရှိ  ၅ နာရီမောင်း တစ်နာရီ နားစနစ်ဖြင့် စေတနာရှေ့ထား၍ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် ၊  (၂)ခန်းတွဲသန့်စင်ခန်းတစ်လုံးဆောက်လုပ်ပေးရန်၊ အုပ်ချုပ် ထောက်ပံ့မှုကိစ္စရပ်များ ကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူ‌ရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဘားအံ စက်မှုဇုန်အနီး၌ မွေးမြူရေးဇုန်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းနှင့်တာဝန်ရှိသူများက ဘားအံမွေးမြူရေးဇုန် မြေသားလမ်းဖောက်လုပ်ခြင်း၊ Box Culvertနှင့် Pipe Culvert များ ထည့်သွင်းဆောင်ရွက်နေခြင်းတို့အား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြေသား လမ်း ဘေးဝဲယာတွင် ရေမြောင်းများ စနစ်တကျဖောက်လုပ်ပေးနိုင်ရေး၊ အရိပ်ရပင်များစိုက်ပျိုးရေးနှင့် လိုအပ်သည့် ယာဉ် ယန္တရားများအား တင်ပြတောင်းခံနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)