သုံးခွ စက်တင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက်(၅၅)နှစ်မှ ၆၄ နှစ်ပြည့် ဘိုးဘွားများ၊ မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အားကစားခန်းမဝင်းအတွင်းရှိ ခြင်းလုံးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံကြသူ များကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်းအောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ သည်။
"အခုလို သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကာကွယ်ဆေးထိုးနှံပေးတာဟာ ရောဂါကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက်လည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်” ဟု ကာကွယ်ဆေး လာရောက်ထိုးနှံသူ အမှတ်(၂)ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် အဘ ဦးအောင်ဌေးက ပြောကြားခဲ့သည်။
သုံးခွမြိုနယ်၌ တရုတ်နိုင်ငံထုတ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးမှာ ဖြစ်ပြီး အုပ်စု A ဖြစ်သည့် (အသက် ၅၅ နှစ်မှ အသက် ၆၄)နှစ် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား စက်တင်ဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ လည်ကောင်း၊ အုပ်စု B ဖြစ်သည့် (အသက် ၅၀ မှ ၅၄)နှစ်ရှိသူများအား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိလည်ကောင်း၊ အုပ်စုC (အသက် ၄၅ နှစ်မှ ၄၉) နှစ်ရှိသူများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ထိလည်ကောင်း၊ အုပ်စု D ဖြစ်သည့် (အသက် ၄၀ နှစ်မှ ၄၄ )နှစ် ရှိသူများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ စုရပ်များအလိုက် ကာကွယ်ဆေးထိုးနှံသွားမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။