လဲချား စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပန်ဆန်းအုပ်စု နောင်လိုင်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးရုံး ဝန်ထမ်းများမှ ပန်ဆန်းအုပ်စု နောင်လိုင်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၀)ကတ်ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၈၅၄)ကတ်ကို အခမဲ့ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ် စီးမှူးထံမှ သိရသည်။
လွှမ်းသူနောင် (လဲချား)