ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၄

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်း ကျဆင်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရန် စည်းကမ်းချက် များအား မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ  ၆၂ လမ်းပေါ်  အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနိုးဆော်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉   ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့က လည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊  အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အို များနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ် ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြပါရန် စသည့် ဆောင်ရန်/ရှောင်ရန်အချက်များအား မိဘပြည်သူများ သိရှိစေရန် အစရှိသော အချက်များအား ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ၆၂လမ်းပေါ်တွင် အသံချဲ့စက်ဖြင့် အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း