မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေး တို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစားအောင်မြင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာကိုဖော်ပြနေဖြင်းဖြစ်၍ ထူးချွန်ထက်မြက်သည့် အားကစား သမားများပေါ်ထွန်းလာစေရေးအတွက် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ကာ စနစ် တကျလေ့ကျင့်ပြုစုပျိုးထောင်သွားရေး၊ ပြည်နယ်၏အားကစားအဆင့်အတန်းမြင့်မားရေး အတွက် ဆပ်ကော်မတီများ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက် သွားရေးနှင့်အား ကစားသမားများစနစ်တကျမွေးထုတ်နိုင်ရေး အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားရေးတိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များချမှတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု များနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ကချင်) ဖွင့်လှစ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်နယ်ဝန် ကြီးများနှင့်ဌာနဆိုင်ရာ များက ကျောင်းမြေနေရာရရှိရေး စီမံဆောင်ရွက်နေမှုအပိုင်းနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအလိုက်ဆုရရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်အပိုင်းများနှင့် ကျောင်းဖွင့် လှစ်နိုင်ရေးလိုအပ်သည့် ပြင်ဆင်ဆောင်ရွက် နေမှုများကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့ ညနေပိုင်းတွင် ပြည်နယ်အား ကစားကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ လက်ဝှေ့ပြိင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအားကစားပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပြများနှင့် အားကစားသမားများအတွက် အားကစားဝတ်စုံ များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်