မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်တွင် ခေမာသီရိ၊ မြို့သစ်ကြီး၊ ယုဇနနှင့် မြေမြင့်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ပြန့်ပွားမှုများနေ၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့်မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြရန် သက်ကြီးရွယ်အိုများနှင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူများသည် ရောဂါပိုးကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို မိဘပြည်သူများအားလုံး က ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။