ကမမောင်းမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး 

ကမမောင်း စက်တင်ဘာ ၁၄

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ တောင်တန်းသာနာပြုကျောင်း၊ သီရိဓမ္မ တောရကျောင်း၊ဘုရားကိုးဆူပဌာန်းကျောင်း၊ ကော့ကရက်ကျောင်းနှင့် ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်တို့တွင် ဝါတွင်းကာလသီတင်းသုံး နေကြသော သံဃာတော်များနှင့် ဘုန်းကြီးကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်စေရန်အတွက် RDT Test kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကမမောင်းမြို့ ကြက်ခြေနီအဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိစစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်း (၄)ကျောင်းနှင့် စာသင်တိုက်(၁)တိုက်တို့တွင် သီတင်းသုံးနေကြသည့် ရဟန်း သံဃာတော်စုစုပေါင်း (၇၉) ပါးတို့ကို RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုရင်လေး(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဘုန်းကြီးကျောင်းဝေယျာဝစ္စနှင့် ဆွမ်းတော်ကိစ္စ ဆောင်ရွက် ပေးကြသည့် ဒါယကာ၊ ဒါယိကာမများ၊ ဘုန်းကြီးကျောင်းသား စုစုပေါင်း(၂၂) ဦးတို့အား RDT Test kitဖြင့် စစ်ဆေးပေးခဲ့ရာ ဘုန်းကြီးကျောင်းသား (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ သဖြင့် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သီးသန့်အဆောင်များ၌ Quarantine ထားရှိစေပြီး ကျန်းမာရေးဌာနမှ စောင့်ကြည့်၍ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ကမမောင်းမြို့ ပြည်သူ့ဆေး ရုံတာဝန်ခံ ဒေါက်တာဆုရဲထက်ထံမှ သိရသည်။ 

 

လင်းသန့်