မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ကြက်သွန်ဖြူနှင့် အာလူးများအား မြို့နယ်သမဝါယမဦးစီးဌာနမှရောင်းချ

ရန်ကုန် သြဂုတ် ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစု လီမိတက်တို့၏ ကြီးကြပ်မှု ဖြင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်ဖြူ(တစ်လုံးဥ)များနှင့် အာလူးများအား စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိရောင်းချနိုင်ရေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်ကာ မြို့နယ်သမဝါယမအသင်းစု လီမိတက်၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ ထွက်ရှိသော ကြက်သွန်ဖြူ (တစ်လုံးဥပိဿာ(၉၀)နှင့် အောင်ပန်းဒေသထွက် အာလူးပိဿာချိန်(၁၈၀)တို့ကို မြို့နယ်အတွင်းရှိ သမဝါယမ အသင်းခွဲများ ဖြစ်သည့် ပုသိမ်ညွန့်ရပ်ကွက်ရှိ ဖြိုးမေတ္တာ၊ စက်ဆန်းရပ်ကွက်ရှိ အေးမေတ္တာ၊ တောင်လုံး ပြန်ရပ်ကွက်ရှိ တိုးတက်အောင် စသည်တို့တွင် ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ပြီး ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်နှင့် အာလူး တစ်ပိဿာ လျှင် (၈၅၀) ကျပ်တို့ဖြင့် စျေးနှုန်း ချိုသာစွာ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များကို ယခုကဲ့သို့ ရောင်းချပေးခြင်းဖြင့် ပြည်သူများအတွက်လည်း စျေး နှုန်းချိုသာစွာ ရရှိစေမည်ဖြစ်ပြီး စိုက်ပျိုးသူတောင်သူများအနေနဲ့လည်း ကုန်စည်လည်ပတ်မှုများရရှိကာ ကုန်ပစ္စည်း လေလွင့်မှုများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပြင်းထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)