ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင်(၁၃၈၅) ဦး အားထိုးနှံပေး

 

ဖလမ်း စက်တင်ဘာ ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅) နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက် ၉ နာရီမှ စတင်ကာဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးမှတ်တမ်းများရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကိုထိုးနှံပေးခဲ့ကြသည်။ ယနေ့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက် ရက်နေ့အတွင်း ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်ပြီး ကျား(၂၀)ဦး၊ မ(၁၅)ဦး စုစုပေါင်း(၃၅)ဦးတို့က ကာကွယ်ဆေးလာရောက်ထိုးနှံ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖလမ်းမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျား(၆၇၉)ဦး၊ မ(၇၀၆)ဦးစုစုပေါင်း(၁၃၈၅) ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးမှုအား ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း နှင့်အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံကြသူ များအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

ကိုရှိန်း