သင်္ဃန်းကျွန်း စက်တင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ခိုင်သဇင်လမ်း မေတ္တာရှင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် နာရေးကူညီမှုအသင်းသို့ ဒေသအသီးအသီးမှ အလှူရှင် ရဟန်းရှင် လူပြည်သူ များက ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးနှင့် နာရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သော အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများနှင့် လူနာတင်ယာဉ်၊ နာရေးယာဉ်များ ဝယ်ယူနိုင် ရန်အတွက် အလှူငွေများလာ ရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ယမန်နေ့ နေ့လယ် ၂ နာရီက သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကုတ်ကမ္မဌာနစရိယ အရှင်ဘဒ္ဒန္တဒူးသုဇန သက်တော် ၆၀ ဝါတော် ၄ဝ ဆရာတော်အား ရည်စူး၍ ဒါယကာ၊ ဒါယိကာမဖြစ်သော ဆ/က ရပ်ကွက် သမာဓိ ၃ လမ်းနေ ဦးသိန်းဇော် ဒေါ်ခင်ဝင်းရီ(ရန်ကုန်တိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကန္ဒီမြို့မှ အလှူရှင် ဦးညွန့်ဝင်း-ဒေါ်မာမာအေး မိသားစုတို့က တန်ဖိုးငွေကျပ် ၂၁ သိန်းရှိအောက်ဆီဂျင် စက်တစ်လုံးကိုလည်းကောင်း၊ ဆ/က ရပ်ကွက် ရတနာမဉ္ဇူလမ်း အလူမီနီယံမှန်ဆိုင်မှ အလှူရှင်မိသားစုတို့က နာရေးကား ဝယ်ယူရန် အလှူငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ ကိုကျော်သူရဟန်-မနွယ်နီဝင်းနှင့်သား မောင်မိုးဟိဏ်းထက်၊ ရတနာ သုခလမ်း နေသူတို့က အောက်ဆီဂျင် လီတာ၄၀ အိုးအသစ်အရည်ပါ အပြီးအစီးတစ်စုံတို့ကို မေတ္တာရှင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် နာရေးကူညီမှုအသင်းသို့ လာရောက် လှူဒါန်းကြရာ မေတ္တာရှင် ပရဟိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်ထွဋ်၊ အတွင်းရေးမှူး ဦးရဲဝင်း၊ ဒုတိယ အတွင်းရေးမှူး ဦးဇော်မင်းထွန်းနှင့် အသင်းအုပ်ချုပ်သူ ဦးအုန်းကျော်နှင့် အလုပ်အမှုဆောင်များက လက်ခံယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)