ကျွန်းစု စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကတ္တလူ ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက ကတ္တလူကျေးရွာရှိ ဒေသခံပြည်သူ များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသောနေရာသို့ ခရိုင်လ.ဝ.က ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တနင်္သာရီတိုင်းရေတပ်စခန်းဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ်တို့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကာ ဆောင်ရွက်ပြီးစီးသည့် မှတ်ပုံတင်ကတ်ပြား(၆၁) ကတ် အား ၎င်းတို့ကသက်ဆိုင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မှတ်ပုံတင်ဆောင်ရွက်မည့်သူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ကိုယ်အပူချိန်တိုင်း ပေးခြင်းတို့ဖြင့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ရရှိရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများကပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ပန်းခင်းစီမံချက် ကာလသည် မေလ ၃ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ဖြစ်ပြီး ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန်(၁၃၀၆၀)ဦးရှိရာ မြို့နယ်လဝကဦးစီးမှူးရုံးရှိ ဝန်ထမ်း(၆)ဦးမှ တစ်လ လျှင် ကျေးရွာအုပ်စု(၂)အုပ်စုအား အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဆောင်ရွက်ပြီးစီးသူ (၂၂၈၄)ဦး၊ ဆောင်ရွက်ရန်ကျန်ရှိသူ(၁၀၇၇၆)ဦး ရှိကြောင်း
သိရသည်။
စည်သူရအောင်(ကျွန်းစု)