ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားစရိတ်လှူဒါန်း

ကျောက်မဲ စက်တင်ဘာ ၁၄

ကျောက်မဲခရိုင်၊ နယ်စပ်ဒေ‌သနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအားအတွက် အလှူငွေ ၁၁၅,၀၀၀ ကျပ်ကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် ဇွန် ၂၂ ရက်နေ့မှစ၍  ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာများ၏ စားသောက်ရေးအတွက် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ အနေဖြင့် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် စီစဉ် ကျွေးမွေးပေးလျက်ရှိကြောင်း၊ ယခုကာလအတွင်း နေ့စဉ်ပျမ်းမျှ လူ ၁၀၀ ဦးစာ စီစဉ်ဆောင်ရွက်နေရပြီး တစ်ရက်စားစရိတ် ငွေကျပ်သုံးသိန်းခွဲ( ၃၅၀,၀၀၀-)ခန့် ကုန်ကျလျက်ရှိကြောင်း၊  အဆိုပါ ပိုးတွေ့လူနာများကို ကျွေးမွေးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် ၃၆ သိန်း၊ မြို့နယ်တိုက်ပွဲရှောင် ကော်မတီမှ ငွေကျပ် ၁၅ သိန်း၊ တပ်မတော် မိသားစုဝင်များမှ ဆန်ဆီ ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခြင်းများ ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ စက်တင်ဘာ  ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၂၀၂ ဦး ၊ သေဆုံးသူ ၆၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း