မိုင်းခတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တစ်ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရှိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူသည် စက်တင်ဘာလ ၅ ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့် လူနာဆောင်၌ ၁၀ ရက်အကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင် သွားပြီဖြစ်သောကြောင့် ကျန်မာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်း ခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌ ခုနှစ်ရက် Home Quarantine နေထိုင်သွားရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သတိပေးမှာကြား ခဲ့ကြောင်း သိရှိရ သည်။
မိုင်းခတ်မြို့နယ်တွင် ယနေ့စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းအထိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦးရှိပြီး ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။