ဟင်္သာတ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နေ့လည်ပိုင်းက အသံချဲ့စက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန နှင့်ပူးပေါင်း၍ခရိုင် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ ကြောင်းသိရသည်။
ထို့သို့ လှည့်လည်အသိပေနှိုးဆော်ကြေညာရာတွင် မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျှင်မြန်စွာကူး စက်ပျံ့ပွားမှုဖြစ်နေသဖြင့် ကူးစက်ပြန့်ပွားနေမှု ကိုလျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးကာ ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကိုလျင်မြတ်စွာ အချိန်တိုအတွင်း ကာကွယ်နိုင် မှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင် မှာဖြစ်ကြောင်း၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှာခပ်ခွာခွာ နေရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများရှောင်ကျဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းရှောင်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ် ပြာဖြင့်အနည်းဆုံး စက္ကန့်(၂၀)ကြာ အောင်စနစ်တကျဆေးပါ၊လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေး ကြောခြင်း မပြုဘဲ ပါးစပ်၊နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း ကိုင်တွယ် ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ရန်၊လေဝင်လေထွက် မကောင်းသော အခန်းများ ကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ကြပါ၊ အပြင်ထွက် ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့်နှာ ခေါင်းစည်း Mask များကို အိမ်အပြင်တွင်စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်မလဲမီ၊ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်မီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိ သူများ ရောဂါပိုးကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ်ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ကိုဇော် - ခရိုင်(ပြန်/ဆက်)