လားရှိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်း ရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဌာနက ယနေ့ နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် အမှတ် (၅) ရပ်ကွက်ရှိ အောင်မင်္ဂလာစျေး၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို လားရှိုးမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေး ဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်လျက် အဆိုပါစျေးရှိ စျေးသူ စျေးသား (၂၀၀) ဦးတို့ကို စစ်ဆေးပေးခဲ့ရာ၌ အားလုံးတွင် ကိုဗစ်ပိုး မရှိ အဖြေထွက်ရှိခဲ့ကြောင်းသိရသည်။
ထို့အတူ လားရှိုးမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက စီစဉ်ဆောင်ရွက် နေသော ရပ်ကွက်ကျေးရွာများသို့အရောက် ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးခြင်းများကို ရပ်ကွက်(၁၁)ရှိ နန္ဒဝန်တောရကျောင်း၊ နေတက်ဘုရားဘုန်းတော်ကြီးကျောင်း၊ ဟူမွန်ကျေးရွာအုပ်စုရှိ ဟူးမွန်ရွာ၊မန်အိုင်ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်းကာ ကိုဗစ် (၁၉) ရောဂါပိုး ရှိမရှိတို့အား စစ်ဆေးပေးလျက်ရှိနေကြောင်းသိရှိရသည်။
ဟန်ဌေး