မိုင်းလုံ စက်တင်ဘာလ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်က မုန်းပြင်ကျေးရွာအုပ်စု၊ နားမျှောကျေးရွာနှင့်ပေါင်ခေါ်ကျေးရွာတို့တွင် မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့် အဖွဲ့တို့က သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့်ဝန်ထမ်းများက မုန်းပြင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းနွမ်ခေးဆေနှင့်ရွာသူကြီးတို့က နားမျှောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများကို စုရပ်ထား၍ အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကို ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမပြုလုပ်ရသေးသူများကို အသစ်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကျေးရွာအရောက် ဆောင်ရွက်ပေးရာတွင် နားမျှောကျေးရွာနှင့်ပေါင်ခေါ်ကျေးရွာ နေပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၃၅)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၅)စုတို့ကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)