ဘုတ်ပြင်း စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၈၀၂)အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၅၀၀) ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် နေရပ်ပြန်လာသူများ ၊ ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများ ၊ ရောဂါလက္ခဏာ သံသယရှိသူ များကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာများအရောက် သွားရောက်ပြီး မိုဘိုင်းစစ်ဆေးရေးလုပ်ငန်းအဖြင့် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် RDT ( Test Kits ) ဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်း များ အစဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင်လည်း ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရှာဖွေစစ်ဆေးရာ၌ ပိုးတွေ့အတည်ပြု လူနာများ တွေ့ရှိလာပါက မြို့နယ် ပရဟိတအသင်းက လိုအပ်သော ကျန်းမာရေးဆေး ကုသမှုများ ဆောင်ရွက်ရန်အတွက် မြို့နယ်တွင် စီစဉ်ထားရှိသော ယာယီဆေးကုသဆောင် (Treament Centre)များသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်တတိယလိုင်းပိုးတွေ့ရှိမှုမှာ စက်တင်ဘာလ(၁၁) ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ( ၁၈၀၂) ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၀၀) ဦး ၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ (၂၈၉)ဦး နှင့် သေဆုံးသူ (၁၃) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။
သတင်းရေးသားပေးပိုသူ - မြို့နယ်(ပြန်/ဆက်)