လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး မြို့တွင်းနှင့်ကျေးရွာများသို့အရောက် ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိ

လားရှိုး  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်းရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့်ကျန်းမာရေးဌာနက ကွင်းဆင်းစစ်ဆေးပေးလျက်ရှိနေကြောင်းသိရသည်။

စက်တင်ဘာ(၁၄)ရက်နံနက်(၉)နာရီအချိန်က လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် အမှတ်(၅) ရပ်ကွက်ရှိ အောင်မင်္ဂလာစျေး၌ ကိုဗစ်(၁၉)ရောဂါပိုးရှိမရှိကို လားရှိုးမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်လျက် အဆိုပါစျေးရှိ စျေးသူစျေးသား(၂၀၀)ဦးတို့ကို စစ်ဆေးပေးခဲ့ရာ၌ အားလုံးတွင် ကိုဗစ်ပိုး မရှိ အဖြေ ထွက်ရှိခဲ့ကြောင်းသိရသည်။

ထို့အတူ လားရှိုးမြို့ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီကစီစဉ်ဆောင်ရွက်နေသော ရပ်ကွက်ကျေးရွာများသို့အရောက်ကွင်းဆင်းကာ ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိ စစ်ဆေးပေးခြင်းများကို ရပ်ကွက်(၁၁)ရှိနန္ဒဝန်တောရကျောင်း၊ နေတက်ဘုရားဘုန်းတော်ကြီးကျောင်း၊ ဟူမွန်ကျေးရွာအုပ်စုရှိ ဟူးမွန်ရွာ၊ မန်အိုင်ဘုန်းတော်ကြီးကျောင်းများသို့ ကွင်းဆင်းကာ ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား စစ်ဆေးပေးလျက်ရှိနေကြောင်း သိရှိရသည်။

ဟန်ဌေး