ခရမ်း စက်တင်ဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဗွီနိုင်းပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဗွီနိုင်းပိုစတာစိုက်ထူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့် အချက်လေးချက်ဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် လှည့်လည်၍ အသိပညာပေး လက်ကမ်း စာစောင်များကို မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
“ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေးအတွက် မြို့နယ်(လဝက) ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက်/ကျေးရွာ စာရေးများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် လိုက်လံ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ကိုမင်း