သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုး‌ဆော်မှုများ ဆောင်ရွက်

သပိတ်ကျင်း စက်တင်ဘာ ၁၄

ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home ကြေညာထားသည့် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၌ ရပ်ကွက်များအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင် နေထိုင်ကြရန်၊ မိမိနေအိမ်ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် မိမိကိုယ်တိုင် အခြားအိမ်များသို့ သွားရောက်ခြင်း မပြုလုပ်ကြရန်၊ မဖြစ်အနေ အပြင်သို့ ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားရန် အတက်နိုင်ဆုံး လူစုလူဝေးရှောင်ရန်၊ အခြားသူများနှင့် (၆) ပေကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးချို၊ သွေးတိုးနှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ပါ အသက်အန္တရာယ် ထိခိုက်နိုင်သည် အထိ ရောဂါပြင်းထန်စွာ ခံစားရနိုင်ပြီး မိမိတို့တွင် အဆိုပါ ရောဂါကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများမှ ကျန်းမာရေးဝန်ကြီးဌာနမှ ချက်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပူးပေါင်း ပါဝင်ကြရန် လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အသိပညာပေး အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးနိုင်းဝင်း