ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရပ်စောက်        စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများမှ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ စုစုပေါင်း (၁၁၂)ဦးကို  ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို လူဦးရေ (၅၁၂၆)ဦးအား ပထမ အကြိမ်ထိုးနှံပေးခဲ့ပြီး ယခုဒုတိယအကြိမ်ထိုးနှံပြီးစီးသူဦးရေ (၄၆၀၀)ကျော်ရှိပြီဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)