မိုင်းပန်မြို့နယ်တွင် စက်တင်ဘာလ (၁၃) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၄) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး (၁) ဦးသေဆုံး

မိုင်းပန် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် စက်တင်ဘာလ (၁၃) ရက်နေ့ က ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၄၆) ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ (၁၄) ဦးအနက် (၁) ဦးမှာ နံနက် (၈) နာရီအချိန်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူ (၁၄) ဦးမှာ အလယ်ရပ်ကွက်နေ ကျား (၁) ဦး၊ မ (၈) ဦး၊ အနောက်ရပ်ကွက်နေ ကျား (၁) ဦး၊ မ (၂) ဦးနှင့် အရှေ့ရပ်ကွက်နေ ကျား (၂) ဦးတို့ဖြစ်ကြောင်း သိရသည်။ ပိုးတွေ့ရှိသူ (၁၄) ဦးအနက် အလယ်ရပ်ကွက်နေ အသက် (၆၂) အရွယ် မ (၁) ဦးမှ စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်(၈) နာရီအချိန်ခန့်တွင် ကိုဗစ်-၁၉ ရောဂါ၊ ဆီးချို ရောဂါတို့ဖြင့် သေဆုံးခဲ့ကြောင်းသိရပြီး ကျန်ပိုးတွေ့ရှိသူများအား Isolation Ward တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ (၄) ရက်နေ့မှ စက်တင်ဘာလ (၁၃) ရက်နေ့အထိ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၈၆) ဦး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ နှာခေါင်း၊ အာခေါင်တို့ပတ် Swab နမူနာပို့ဆောင်စစ်ဆေးခြင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦး စုစုပေါင်း (၁၉၅) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းအနက် သေဆုံး (၂) ဦး၊ ကုသဆဲ (၈၂) ဦး ကျန်ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စိုင်းဆန်းမြင့်