သုံးခွမြို့နယ်၌ ခေမာလင်္ကာရကျောင်းတိုက်နှင့် ကြယ်တံခွန်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Mobile စနစ်ဖြင့် ကွင်းဆင်းစစ်ဆေး

သုံးခွ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာရှိ ခေမာလင်္ကာရ ကျောင်းတိုက်နှင့် ကြယ်တံခွန်သီလရှင် ကျောင်းတိုက်ရှိ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခေမာလင်္ကာရ ကျောင်းတိုက်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ခေမာလင်္ကာရကျောင်းတိုက်ရှိ  သီလရှင်(၇)ပါးအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုမရှိပဲ ကြယ်တံခွန်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်(၅၁)ပါးအား RDT Test Kit ဖြင့် စစ်ဆေးရာတွင် သီလရှင်တစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် Mobile စနစ်ဖြင့် ကွင်းဆင်းစစ်ဆေးပေးခြင်းကို စက်တင်ဘာ(၉) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းရှိ သံဃာတော် (၉၀)ပါးနှင့် သီလရှင်ကျောင်း နှစ်ကျောင်းရှိ သီလရှင် (၅၈)ပါးတို့အား စစ်ဆေးပေးခဲ့ပြီး ဖြစ်ရာ အသက်(၇)နှစ်ရှိ သီလရှင်တစ်ပါးတွင်သာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူ သီလရှင်အား မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးလျက် ရှိကြောင်းနှင့် သုံးခွမြို့နယ်တွင်ကိုဗစ် ၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်းမှု ရှိ/မရှိ သိရှိနိုင်ရန် ရည်ရွယ်၍ သုံးခွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသံဃာများနှင့် သီလရှင် ကျောင်းများရှိ သီလရှင်များအား ဦးစားပေးအစီအစဉ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်း က ပြောကြားသည်။

သုံးခွမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၂၇၂)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံးဆင်းခွင့်ရရှိသူ (၂၃၂) ဦး၊ သေဆုံးသူ (၃၈)ဦးရှိကြောင်း သိရသည်။

စည်သူလင်း