သုံးခွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သုံးခွ စက်တင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ" လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့  " ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို  ယမန်နေ့  နံနက် ၈နာရီခွဲအချိန်က အမှတ် ၉ရပ်ကွက်နှင့် ကုန်းခလာ‌ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့ကြသည်။ 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမြို့နယ်ဦးစီးမှူး ဦးမင်းသူက အသက် (၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းမှာ ပြည်သူများအနေဖြင့် အလုပ်အကိုင်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်နှင့် ခရီးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးဦးမင်းသူနှင့် ၀န်ထမ်းများက အမှတ် ၉ ရပ်ကွက်နှင့် ကုန်းခလာ‌ကျေးရွာရှိ အသက်(၁၆)နှစ်မှ အသက်(၁၈) နှစ်ကြားနှင့် အသက်၁၈ပြည့် လူဦးရေ (၁၅၄)ဦးအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင်မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်နိုင်စေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’’ ပန်းခင်းစီမံချက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာများကိုလည်း လူစည်းကားရာနေရာများတွင် စိုက်ထူထားကြောင်း သိရသည်။

စည်သူလင်း