ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ် စတင်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမားများအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ် စတင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ် (သမ္ဗန်)မောင်းသူများ၊ ရွေ့ပြောင်း အလုပ်သမားများ၊ ဈေးရောင်းချသူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များရှိ အလုပ်သမားများ စုစုပေါင်း (၆၅၄)ဦးကို စက်တင်ဘာ ၁၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့တွင် စက်တပ်ရေယာဉ်မောင်းသူများ၊ အနှေးယာဉ် (ဆိုက္ကား)နင်းသူများနှင့် သင်္ဘောကျင်းအလုပ်သမားများပါဝင်သည့် ၂၄၆ ဦးကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ