မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်

မိုင်းယု စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနိူးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေသတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့ကြသည်။

အဆိုပါ နှိုးဆော်မှုကို မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင် ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် ခြောက်ပေ အကွာမှ ခပ်ခွာခွာနေရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လက်ရှိဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်နေမှုအခြေအနေများစသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

မိုင်းယုမြို့တွင် ကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာ (၃၄)ဦးလုံး ကျန်းမာစွာဖြင့် ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်၍ ဒေသခံပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ အတည်ပြုလူနာများမရှိတော့သဖြင့် မပေါ့ဆသင့်ပါကြောင်း၊ ဒေသတွင်းသို့ ရောဂါပိုးထပ်မံမကူးစက်စေရန် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရွာသူကြီးများ ပူးပေါင်းကာ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေ၍ ဒေသခံပြည်သူများလည်း အလေးထားလိုက်နာဆောင်ရွက်ပေးကြရန် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီအဖွဲ့က တိုက်တွန်းနှိုးဆော်ထားကြောင်း  သိရသည်။

ကိုကိုနိုင်(မိုင်းယု)