ပင်လောင်းမြို့နယ် နန်းဟူးပရိယတ္တိ စာသင်တိုက်ရှိသံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့် အခမဲ့ စစ်ဆေးပေး

ပင်လောင်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အနောက် ရပ်ကွက်အတွင်းရှိ နန်းဟူးပရိယတ္တိ စာသင်တိုက်မှသံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိသွားရောက် စစ်ဆေးပေးခဲ့သည်။

အနောက်ရပ်ကွက်အတွင်းရှိ နန်းဟူးပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၁၆) ပါး၊ ရှင်သာမဏေ (၆၃) ပါး စုစုပေါင်း (၇၉) ပါးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ပင်လောင်းမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လောင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သွားရောက်ဆောင်ရွက်ခဲ့သည်။

သံဃာတော်နှင့်သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် RDT Test kit များကို ပင်လောင်းမြို့နယ် ကျန်းမာရေး ဌာန၏ အစီအစဉ်ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော စာသင်တိုက်များ ကိုလည်း ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)