ရန်ကင်းမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေး

ရန်ကင်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား လူမှုဖူလုံရေး အစီအစဉ်ဖြင့် ယနေ့နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ရောဂါ ကူးစက်ခံရမှု မဖြစ်ပေါ်စေ​ရေးနှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် လူမှုဖူလုံရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးလာရောက် ထိုးနှံသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံစေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်စစ်ဆေးခြင်းများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီ ဝန်ထမ်းများ ကျန်ရှိမှု မရှိစေရေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လှလှထွေး