ကျောက်ပန်းတောင်း စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်၊ ကန်ပတ်လည်ကျေးရွာအုပ်စု၊ ကန်ပတ်လည်ကျေးရွာတွင် ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်(၉:၃၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ယခုဆောင်ရွက်နေသည့် ကန်ပတ်လည်ကျေးရွာ ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို နိုင်ငံတော်မှ ထောက်ပံ့ ငွေကျပ် (၁၀) သန်း၊ ကျေးရွာပြည်သူလူထုမှ ပူးပေါင်းပါဝင်ငွေ(၃)သန်း စုစုပေါင်းငွေကျပ်(၁၃)သန်းဖြင့်၊ ဩဂုတ်လ ဒုတိယပတ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လမ်းအရှည် ၂၄၈၈ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းထု ၉ လက်မ ကိုကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) ဖြင့် ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ လုပ်ငန်း အားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ ကျေးရွာနေပြည်သူ(၆၂၁)ဦးတို့အတွက် သွားလာမှု အဆင် ပြေပြီး ဒေသထွက် သီးနှံထုတ်ကုန်များကိုလည်း လွယ်ကူလျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ကြတော့ မည်ဖြစ်ကြောင်းသိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်း(Village Development Plan) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ စီမံကိန်းဖြင့် ကျေးရွာအတွင်း လက်ရှိအခြေအနေတွင် ရှိနေသည့် အချက် အလက်များကို ကျေးရွာပြည်သူများ ကိုယ်တိုင်ပြုစု၍ ကျေးရွာအတွက် လိုအပ်ချက်များကို ဖော်ထုတ်ပြီး စီမံကိန်းရေးဆွဲစေခြင်း၊ ကျေးရွာရှိ အများသဘောတူညီ ချက်ဖြင့် ဖွဲ့စည်းထား သော ကော်မတီ၏ ဦးဆောင်မှုကိုခံယူစေ၍ ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကိုယ်တိုင်ပါဝင် ဆောင် ရွက်ကြစေခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောပါသည်။
အဆိုပါစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက် တတ်လာစေခြင်း၊ စီမံကိန်းဆိုင်ရာ အချက်အလက် စာရင်းဇယားထိန်းသိမ်းမှု ကျွမ်းကျင်လာစေခြင်းနှင့်နိုင်ငံတော် စီမံ ကိန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုမြင့်မားလာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများလည်း ရရှိလာစေကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)