မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများ ပေးအပ်လှူဒါန်း

မိတ္ထီလာ စက်တင်ဘာ ၁၄
 
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများကို ယနေ့ နံနက်က ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးရွာတွင် အခမဲ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 
မိတ္ထီလာမြို့ စွမ်းအားမြင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့မှ မိတ္ထီလာခရိုင်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ပံ့ပိုးကူညီပြီး ၎င်းတို့၏ စိတ်ဓါတ်နှင့် စွမ်းရည်မြင့်မား လာစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်အင်္ဂါမသန်စွမ်းသူများ လိုအပ်လျက် ရှိသော ကိုယ်အင်္ဂါအထောက်အကူပြု ပစ္စည်းများ ရရှိနိုင်ရေးအတွက် လူမှုအဖွဲ့အစည်း၊ ကုသိုလ်ရှင် စသည့်တို့ကို ရှာဖွေပြီး ပံ့ပိုးကူညီလျက်ရှိသည်။
 
ထိုသို့ ပံ့ပိုးကူညီလျက်ရှိရာမှ ကိုယ်အင်္ဂါမသန်စွမ်းသူများ လိုအပ်လျက်ရှိသော ကိုယ်အင်္ဂါအထောက်အကူပြု ပစ္စည်းများဖြစ်သည့် သြစတေးလျ နိုင်ငံထုတ် ဝှီးချဲများကို သြစတေးလျ နိုင်ငံရှိ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် မိတ္ထီလာမြို့ စွမ်းအားမြင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူ များ လူမှုကူညီရေးအဖွဲ့မှ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ဝှီးချဲများကို အခမဲ့ ပေးအပ်လှူဒါန်းလျက်ရှိသည်။ ယင်းသို့ ကိုယ်အင်္ဂါ မသန်စွမ်းသူများအား ဝှီးချဲများကို အခမဲ့ပေးအပ်လှူဒါန်းခဲ့ရာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာနှင့် သာစည်မြို့နယ် မြေစိုကျေးရွာတို့မှ အသက် ၁၂ နှစ်အောက်ရှိ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦးအား ဝှီးချဲများ အခမဲ့ ပေးအပ်လှူဒါန်းခဲ့ရာ ၂၀၁၈ခုနှစ်မှ စတင်၍ ယနေ့အထိ ကိုယ်အင်္ဂါမသန်စွမ်းသူ (၂၉)ဦးအား ဝှီးချဲ(၂၉)စီးကို ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း စွမ်းအားမြင့်တင်ရေး အသင်း ကိုယ်အင်္ဂါ မသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဇေယျာမြင့်ထံမှ သိရသည်။
 
အဆိုပါ အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေး စီးဝှီးချဲများ လိုအပ်လျက်ရှိပါက စွမ်းအားမြင့်တင်ရေးအသင်း ကိုယ်အင်္ဂါမ သန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျာမြင့် ဖုန်းနံပါတ် ၀၉-၇၇၂၁၄၉၅၃၅ အား ဆက်သွယ်နိုင်ပါကြောင်း သိရသည်။
 
သိန်းမြင့်ကျော်(မိတ္ထီလာ)