ပင်လုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ရုံးမှ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း(၅၁)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၇) ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)၀န် တင်တပ်ရင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် လွိုင်လင်ခရိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်မှ ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် မေလမှစတင်ပြီး ရပ်ကွက်/ကျေးရွာများ သို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား အမှတ်(၂)၀န်တင်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုးနိုင်ထံသို့ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်မှ အိမ်ထောင်စုလူဦးရေစာရင်းများအား ဒုတပ်ရင်းမှူးဗိုလ်မှူး ကျော်စွာနိုင် ထံသို့ပေး အပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တပ်ရင်းမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပေးခဲ့ကြောင်းသိရသည်။
ဝင်းမင်းသန့်(ပြန်/ဆက်)