အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်လိုအပ်လျှင် ကြက်ခြေနီအသင်း(အင်းစိန်)မှ ကူညီဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ အောက်ဆီဂျင်လိုအပ်လျှင် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ယမန်နေ့က ပြည်သူများ အောက်ဆီဂျင်လိုအပ်သောကြောင့် အကူအညီ များ တောင်းခံလာသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင် များက ကူညီဆောင်ရွက်ပေးရာ အောက်ဆီဂျင်လိုအပ်နေသူ ပြည်သူများအား (၁၀)လီတာ(၃)အိုးနှင့် (၁၅)လီတာ(၃)အိုး စုစုပေါင်း(၆)အိုးကို ကူညီ ဆောင်ရွက်ပေးပြီး လိုအပ်လျှင် ဆေးရုံသို့ ပို့ဆောင်ခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း (အင်းစိန်)၊ တွဲလက်လူမှုကူညီရေးအဖွဲ့၊ စိန်ရတနာနာရေး ကူညီမှုအသင်း၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို