နမ့်ဆန် စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများ ဆွမ်းကိစ္စ အဆင်ပြေစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါမြို့များ၏ မြို့ပေါ်ရပ်ကွက်တွင် ဘုန်းတော်ကြီးကျောင်း စုစုပေါင်း ကျောင်း(၇)ကျောင်းရှိပြီး တစ်ကျောင်းလျှင် ဆန်(၁၀)အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်(၇၀)အိတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခဲ့ပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြားသောလှူဖွယ်များ လှူဒါန်းကာ ယခုလို လှူဒါန်းမှုမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ မတည်မှုဖြင့် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောက်လုပ်နေသည့် အောက်စီဂျင်စက်ရုံ ဆောက်လုပ်နေမှုအား တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဆိုင်