ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အကူအညီလိုအပ်သော ပြည်သူများထံ အိမ်အရောက် သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်း၊ စေတနာ့လုပ်အားရှင်များနှင့် တာဝန်ရှိသူများက လူနာတင်ယာဉ်ကား(၃)စီးဖြင့် အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို (၂၄)နာရီ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ထို့အပြင် ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်အတူ ပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိပြီး ပင်စင်ထုတ်ရက်များတွင်လည်း အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို