ကျိုင်းတုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသော “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် “ပန်းခင်း” စီမံချက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်စိုးက လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ သင်တန်းသူများအား “ပန်းခင်း” စီမံချက်ဖြင့် မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဉပဒေအရ နိုင်ငံသားများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းစသည့် လုပ်ငန်း ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် ဝန်ထမ်းများ၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းမှ သင်တန်းသူ(၃၀)ဦးတို့ တက်ရောက် ခဲ့ကြပြီး ဦးဝင်းမြတ်ထွဋ်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန်ဝေပေးခဲ့ကြကြောင်းသိရသည်။
စိုင်းရွှေအောင် (ခရိုင်ပြန်/ဆက်)