မြောက်ဥက္ကလာပ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ပရဟိတအသင်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာ တစ်ဆင့် ပြန်လည် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ Oxygen အိုးများနှင့် Oxygen flow meter များကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒေါက်တာသီတာမြင့် (Dr. Handmade gems and jewellery) နှင့် အလှူရှင် မိသားစုများမှ စေတနာရှင် လူမှုဘဝ စောင့်ရှောက်ရေးအသင်းအား ငွေကျပ်(၁၁)သိန်း တန်ဖိုးရှိ Oxygen (40)Liter (၃) အိုးနှင့် (20)Liter (၃) အိုး၊ Oxygen flow meter (၆)ခု၊ မြောက်ဥက္ကလာပချစ်သူများ လူငယ်ပရဟိတ) အသင်းအား ငွေကျပ်(၁၁)သိန်းတန်ဖိုးရှိ Oxygen (40)Liter (၃) အိုးနှင့် (20)Liter (၃) အိုး၊ Oxygen flow meter(၆)ခုကို လှူဒါန်းရာ အသင်းတာဝန်ခံများမှ လက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စေတနာရှင်လူမှုဘဝ စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဦးမောင်ဌေးက "ကျွန်တော်တို့ အသင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများသာမက မြို့နယ်အတွင်းရှိ လူမှုရေးဆိုင်ရာလုပ်ငန်းများကို ပါ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခုရရှိတဲ့ oxygen အိုးများကို လိုအပ်နေသူပြည်သူများအတွက် အကျိုးရှိစွာ အသုံးချသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားချက်ကိုလည်း သိရှိရသည်။
မြမြဝင်း