မောက်မယ်မြို့နယ်အတွင်းCOVID-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ၁၁၁၃ ဦးထိုးနှံပြီးဖြစ်

မောက်မယ်  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို COVID-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၃ရက်နေ့အထိ ထိုးနှံပြီးသူပေါင်း ၁၁၁၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။  

မောက်မယ်မြို့နယ်တွင် COVID-၁၉ ရောဂါကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ်အမျိုးအစား ကာကွယ်ဆေးအား မြို့နယ်အတွင်း အသက် ၆၅ နှစ်အထက် အသက်ကြီးရင့်သူပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပရဟိတအသင်းအဖွဲ့(Volunteer) များနှင့် မိသားစုဝင်များ၊ စျေးရောင်းသူများနှင့်မိသားစုဝင်များ၊ စားသောက်ဆိုင်ရှိဝန်ထမ်းများ နှင့်မိသားစုဝင်များ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ယာဉ်မောင်း/ယာဉ် နောက်လိုက်များနှင့် မိသားစုဝင်များနှင့် စျေးသူစျေးသားများ စုစုပေါင်း၁၂၄၈ ဦးတို့အား  ပထမ အကြိမ်တွင် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သတ်မှတ်ရက်ချိန်းများအလိုက် ထပ်မံထိုးနှံပေးခဲ့ရာ ယနေ့အထိ လူဦးရေ ၁၁၁၃ ဦးကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးပြီး ကျန်ရှိသောသူများ၁၃၅ဦး ကိုဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။   

ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် COVID-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီ ထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)