ရှမ်းရွာသစ်မြို့တွင်ပြည်သူများကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်  စက်တင်ဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေ ထိုင်ကြရန်၊ မိမိတို့အိမ်တွင်ပြင်ပမှလာသောဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာ အောင်စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ဆက်သွယ်အကြောင်းကြားကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)