ဒလမြို့နယ်၌ စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်သမားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ၊ နေ့စားဝန်ထမ်းများနှင့် အလုပ်သမား များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ  စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ သမ္ဗာန်ဆိပ်များ၊ ငွေစု/ ငွေချေးလုပ်ငန်း များ၊ စက်သုံးဆီဆိုင်များ၊ ငါးဒိုင်များ၊ ဆန်စက်များ၊ လျှပ်စစ်ရုံး နေ့စားဝန်ထမ်းများ၊ အနှေးယာဉ်ဂိတ်များ၊ လွန်းကျင်းများ၊ သင်္ဘောကျင်း နေ့စားဝန်ထမ်းများ စုစုပေါင်း ၃၅၂ ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နံနက် ၉ နာရီမှ စတင်၍ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဒလမြို့နယ်၌ ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို  ၈၈၀ ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၃၉ ဦး၊ Volunteer/ ပရဟိတ ၃၈၆ ဦး၊ ဘိုးဘွားရိပ်သာ ၆ ဦး၊ ဘုန်းကြီးကျောင်း/သီလရှင်/ဘာသာရေးကောင်း ၁၇၆ ပါး၊ နိုင်ငံ့ဝန်ထမ်း ၄၈၈ ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု ၈၁၅ ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း ၄၄ ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ၂၄၉ ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း ၂၅ ဦး၊ အကျဉ်း/ အချုပ်သား ၁၃ ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း  ၆၀၁ ဦး၊ Super Market /ဈေး ၁၆၀၃ ဦး၊ စုစုပေါင်း ၅၃၁၉ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

နိုင်လင်းကျော်