သုံးခွမြို့နယ်၌ မြို့မရေလယ်ကျောင်းတိုက်ရှိ သံဃာတော်များအား Mobile စနစ် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပေး

သုံးခွ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရေလယ်ကျောင်းတိုက်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်းစောဝေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက မြို့မရေလည်ကျောင်းတိုက်ရှိ သံဃာတော် (၃၁)ပါးအား RDT Test  Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမရှိကြောင်း သိရ သည်။

သုံးခွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် သံဃာတော်များ၊ သီလရှင်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Mobile စနစ် RDT Test  Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေးခြင်းကို စက်တင်ဘာ(၉)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းရှိ သံဃာတော်(၉၀)ပါးအား RDT Test  Kit ဖြင့် စစ်ဆေးပေးပြီးဖြစ်ရာ သံဃာတော်(၉၀)ပါး တွင် ရောဂါပိုးမတွေ့ ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု နှုန်း အမှန်တကယ် လျော့နည်း ကျဆင်းမှုရှိ/မရှိ သိရှိနိုင်ရန် ရည်ရွယ်၍ သုံးခွမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး‌‌ကျောင်းများရှိ ရဟန်းသံဃာများနှင့် သီလရှင်‌ကျောင်း များရှိ သီလရှင်များအား ဦးစားပေး အစီအစဉ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာ‌ရေး ဦးစီးဌာနမှူး ဒေါက်တာ ‌ဇော်ဝင်းသန်းထံမှ သိရသည်။

ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များအား RDT Test Kit ဖြင့် Mobile စနစ်ဖြင့် သွားရောက်၍ ယနေ့အထိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။