လင်းခေး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ် ထိုးနှံပေးခြင်း)ကို ယနေ့နံနက်၈နာရီခွဲက လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထိုးနှံပေးခြင်းတွင် မြို့ပေါ် ၈ ရပ်ကွက်မှ ရွာမကြီးအရှေ့၊ ရွာမကြီးအနောက်၊ ပင်ဟုန်းရပ်၊ တောင်ရွာ၊ ဝမ်လွိုင်ရပ်ကွက်များနှင့် ပုန်းထွန်ကျေးရွာရှိ အသက်၆၅နှစ်နှင့်အထက်၊ အသက်၁၈နှစ်ပြည့်ပြီး (ပထမအကြိမ်ထိုးနှံထားပြီး)သူ ပြည်သူလူထု စုစုပေါင်း(၄၇၅)ဦးတို့ကို ထိုးနှံပေးခဲ့ကြပြီး ကျန်ရှိနေသေးသည့် ပထမအကြိမ်ထိုးနှံပြီးသတ်မှတ်ရက်ရရှိသူများအား နောက်တစ်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီကနေ့မှာတော့ အ-ထ-ကကျောင်းမှာ(၂၇၅)ဦး၊ တောင်ရွာ(အ-လ-က)မှာ(၂၀၀) စုစုပေါင်း(၄၇၅)ဦးလာရောက်ထိုးနှံခဲ့ကြပြီးပါပြီ၊ ဒုတိယအကြိမ်ထိုးနှံကြရမည့်လူဦးရေစာရင်း (၆၀၀)ဦးကျော်ခန့်အနက် ကျန်ရှိနေသေးတဲ့ပြည်သူများကိုလည်း မနက်ဖန် စက်တင်ဘာ ၁၄ရက်နေ့မှာ ကျွန်မတို့ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(ခရိုင်ပြန်/ဆက်)