ကျောက်တန်းမြို့နယ်တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်တန်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ နှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ‌ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုံအတွင်းရှိ စက်ရုံဝန်ထမ်းများ၊ စက်မှုဇုံ ပြင်ပရှိ ဆန်စက်နှင့် အခြားလုပ်သားများအား ကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အထကကျောင်း မြိုင်သာယာနှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင်  လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် စုရပ်များခွဲကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့မှ စတင်ထိုးနှံပေးရာ စက်တင်ဘာ ၁၂ ရက်နေ့ အထိ သီလဝါအထူးစီးပွားရေးဇုံအတွင်းရှိ စက်ရုံဝန်ထမ်းနှင့် စက်မှုဇုံပြင်ပရှိ ဆန်စက်နှင့်အခြား လုပ်သားစုစုပေါင်း ၁၆၅၁၅ ဦးအား ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား သတ်မှတ်နေရာနာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၄၆၇) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၈၄) ဦး၊ ဆေးကုသမှု ခံယူနေသူ ( ၄၀) ဦးနှင့် သေဆုံးသူ (၄၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း