သီပေါ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ သီပေါမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask)မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ဆီးချို၊သွေးတိုး၊နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စသည့်အချက်များအား လိုက်လံနှိုးဆော် သတိပေးခြင်း လုပ်ငန်းများကိုမြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)